ငြိမ်းချမ်းရေး ဆိုတာ တံဆိပ်ကပ်လို့ရတဲ့ အရာမဟုတ်ပါ။


ငြိမ်းချမ်းရေးကို လူသားတိုင်းမြတ်နိုးကြပါတယ်။ ငြိမ်းချမ်းမှုမရှိပဲတိုးတက်တယ်ဆိုတဲ့ အခြေအနေကို မရောက်နိုင်ပါဘူး.။တိိုင်းပြည်တိုးတက်ချင်ရင် ငြိမ်းချမ်းရေး ကို အရင်တည်ဆောက်ကြရပါမယ်..။ပြောရတာ လွယ်လိုက်တာ..။ အပစ်အခတ်ရပ်..။ စားပွဲဝိုင်းကိုလာ.. ဆွေးနွေး..သဘောတူ.. လက်မှတ်ထိုး။ အင်း…… ပြောရတာ အရသာရှိလိုက်တာ..။ပြောလို့လွယ်လိုက်တာ..။ တကယ့်အခြေအနေမှန်က အဲဒီလိုမဟုတ်ပါဘူး.။စစ်ဖြစ်တယ်ဆိုတာ တကယ်တော့ နှစ်ဖက် စစ်သားတွေ (လူလူချင်း)တိုက်ကြခတ်ကြသတ်ကြဖြတ်ကြတဲ့ ပွဲပါ..။ တဖက်သတ်နိုင်တယ် တို့ တဖက်သတ်ရှုံးတယ် တို့ ဆိုတာတွေ မရှိပါဘူး..။ မြန်မာ့ တပ်မတော်ကလဲအမြဲတမ်းနိုင်နေတာမဟုတ်ပါဘူး..။ အမြဲနိုင်နေမှတော့ စစ်ပွဲဆိုတာဘယ်ရှိပါ့မလဲ..။ မနိုင်လို့သာ ရှိနေတာပါ..။ လက်နက်တွေ လူအင်အားတွေသာချင်သာမယ်..။ ဒါပေမယ့် Competitive Advantage လို့ဆိုတဲ့ ရေမြေတောတောင်သဘာဝနဲ့ လမ်းပမ်းနယ်မြေ ကျွမ်းကျင်မှု ဆိုတာတွေမှာ အဲဒီတောထဲတောင်ထဲမှာမွေးဖွားကြီးပြင်း လာသူတွေလောက် ဘယ်ရှိပါ့မလဲ..။ စစ်သားတစ်ယောက်ဟာတောထဲတောင်ထဲမှာ နေထိုင်ရှင်သန်ဖို့ သင်ယူလေ့ကျင့်ရပါတယ်..။နေလဲနေနိုင်ကြပါတယ်..။ ဒါပေမယ့် သူလဲ လူပဲလေ စက်ရုပ်မှ မဟုတ်တာ..။အမှားတစ်ခုခုလုပ်မိတာနဲ့ အသက်တစ်ချောင်းကြွေသွားတာပါပဲ..။

လူမသိသူမသိသေသွားခဲ့ကြတဲ့ စစ်သည်တော် Unknown Warriors တွေ အများကြီးပါ။ဒါဟာ တစ်ဖက်ထဲမှာ ဖြစ်နေတာ မဟုတ်ပါဘူး..။ တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရကို မကြိုက်လို့ မကျေနပ်လို့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေကြတဲ့တိုင်းရင်းသား လက်နက်ကိုင် Warriors တွေ အများကြီးပါ..။ သူတို့ကိုတချိန်က “သူပုန်”လို့ခေါ်ခဲ့ကြတယ်..။ ပြီးတော့ “သောင်းကျန်းသူ”လို့ပြောင်းခေါ်တယ်..။ ကွယ်ရာမှာ ခေါ်တော့ “ငပွေး” တဲ့.။ ဒါက မြန်မာ့စစ်တပ်ကခေါ်တာ..။ အဲဒီလို ဝေါဟာရတွေ သူတို့ဖက်မှာလဲ ရှိနိုင်တာပါပဲ..။“မြန်မာ့တပ်မတော်” လို့ ကိုယ့်ဖက်ကခေါ်ပြီး သူတို့တတွေဖက်မှာသူတို့ဖာသာပေးထားတဲ့ အခေါ်အဝေါ် ရှိနိုင်တာပေါ့..။ မြန်မာ့ တပ်မတော်ဆိုတာကမှ တစ်ခုထဲရယ်..။ သတို့ဖက်တွေမှာ သူတို့ တပ်မတော်တွေ အများကြီး..။ကချင်တပ်မတော် ကရင်တပ်မတော် ရှမ်းတပ်မတော် ဆိုပြီး သူတို့ကိုယ်သူတို့ခေါ်တဲ့ နာမည်တွေလဲ အများကြီးရှိနိုင်ပါတယ်..။ ဒါကြောင့်ငြိမ်းချမ်းရေး ယူတော့မယ်လို့ သံဓိဌာန် ချပြီးရင် ပထမဆုံး လုပ်ရမယ့်အလုပ်က သူများကို နှိမ့်ချ နာမ်နှိမ်ပြီး နှစ်ပေါင်းများစွာခေါ်ခဲ့တဲ့နာမည်ဆိုးတွေ ပယ်ဖျက်ပစ်ဖို့ပါပဲ..။

ငြိမ်းချမ်းခြင်း Peaceရဲ့နောက်ကွယ်မှာ သာတူညီမျှခြင်း Equality ဆိုတာ ရှိပါတယ်..။ ဒါကြောင့်တခြား သာတူညီမျှ အခွင့်အရေးတွေ ဘာမှ မဆွေးနွေးခင် အဲဒီ အခေါ်အဝေါ်ကိုအရင်ပြောင်းဖို့ လုပ်ရပါမယ်..။ ဒီလို အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့တွေနိုင်ငံတကာမှာ ရှိနေပါတယ်..။ သူတို့နဲ့ငြိမ်းချမ်းရေးယူချင်ရင် Rebelတို့ Insurgent တို့ဆိုတဲ့ အသုံးအနှုံးတွေကို အရင်ဆုံးပယ်ဖျက်နိုင်ရပါတယ်..။ Armed Combatant တို့ Revolution Army တို့ပြောင်းခေါ်ကြပါတယ်..။ ဒါကပထမအဆင့်ပါ..။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာထက်် စစ်သား အချင်းချင်း အသိအမှတ်ပြုတဲ့သဘောပါ..။စဉ်းစားကြည့်ကြရအောင်ပါ..။ မြန်မာ့တပ်မတော်နေ့လိုအခမ်းအနားမျိုးကျင်းပတဲ့အခါမှာ သူရဲကောင်း စစ်သည်တွေရဲ့ ရင်ဘတ်မှာသူရသတ္တိနဲ့ ပတ်သက်တဲ့ တံဆိပ်တွေ ဂုဏ်ယူစွာ တပ်ဆင်ထားကြတာကိုတွေ့ရမှာပါ..။ အဲဒီ တံဆိပ်တွေကို ဘာကြောင့်များရခဲ့ကြပါသလဲ..။ကိုယ့်နိုင်ငံနဲ့ တခြားနိုင်ငံတစ်ခုနဲ့ စစ်ဖြစ်ကြလို့ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြလို့ ရတဲ့ တံဆိပ်တွေလား..။ ကိုယ့်နိုင်ငံသားချင်းစစ်ဖြစ်လို့ တိုက်ပွဲမှာ တိုက်ရဲခိုက်ရဲ လို့ ရခဲ့ကြတာလား..။စဉ်းစားစရာပါ..။ တချိန်က “ပြည်ပရန်နှိမ်” လိုဆုတံဆိပ်မျိုးကိုမဆိုလိုပါဘူး..။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ခိုက်ခဲ့ကြပြီးမှရထားတဲ့ ဆုတံဆိပ်တွေကို ဆိုလိုတာပါ..။ အဲဒီဖဲပြားရောင်စုံနဲ့တံဆိပ်တွေကို ကိုယ့်ရင်ဘတ်မှာ ဂုဏ်ယူပြီး တပ်နိုင်ရင်.. ကိုယ်နဲ့ရန်ဖြစ်ခဲ့ဖူးတဲ့ တဖက်က စစ်သားတွေရဲ့ ရင်ဘတ်မှာလဲ အလားတူ ဖဲပြားတွေတံဆိပ်တွေ ရှိနိုင်တယ် ဆိုတာ မမေ့သင့်ပါဘူး..။

“သူတို့ဖက်ကကြည့်တော့သူရဲကောင်း..ကိုယ့်ဖက်ကကြည့်တော့သစ္စာဖေါက်” ဆိုတဲ့စကားကလည်း အလကား ဖြစ်လာတာမှ မဟုတ်တာ..။ စစ်ပွဲတိုင်းမှာ သူ့ဖက် ကိုယ့်ဖက် ဆိုတာ ရှိကြတာပါပဲ..။ ကိုယ့်ဖက်က သူ့ကို သတ်နိုင်လို့ဆုတံဆိပ်တွေရနိုင်တဲ့ အခွင့်အလမ်းရှိရင် သူ့ဖက်မှာလဲ ကိုယ့်ကို သတ်လို့ဆုတံဆိပ်ရနိုင်ခွင့်ရှိနေတာပါပဲ..။ ဒါတွေဟာ Motivation Factorတွေပါ..။ကောင်းပါပြီ..။ ဒါဆိုရင် .. စစ်သားတွေမှာလဲ Business Plan ရှိတယ် ဆိုတာသိသင့်ပါတယ်..။စီးပွားရေးနယ်ပယ်မှာ Business Plan ဟာ အရေးကြီးပါတယ်..။ ဘယ်နှစ်မှာစီးပွားရေး ဘယ်နှစ်ရာခိုင်နှုန်း တိုးအောင်လုပ်မယ် .. အရှံုး နည်းပြီးအမြတ်များအောင်လုပ်မယ်.. ဘယ်လုပ်ငန်းကို ကိုယ့်ဖက်ပါအောင်ဘယ်လိုသိမ်းသွင်းမယ်.. ကိုယ့်ရဲ့ စီးပွားရေး နယ်မြေကို ဘယ်လောက်အထိချဲ့ထွင်မယ် ဆိုတာ ကို Business Plan ရေးပြီး စီစဉ်ရပါတယ်..။အလားတူပါပဲ.. စစ်တပ်မှာ လဲ စစ်သားတိုင်းအတွက် Business Plan ရှိပါတယ်..။ဒီနှစ် တိုက်ပွဲဘယ်နှစ်ပွဲ တိုက်မယ်..။ ဘယ်သူတွေကို ဘယ်နေရာတွေမှာလက်ဦးမှုရယူပြီးတိုက်မယ်..။ ရန်သူ့ အင်အားက ဘယ်လောက်ရှိတယ်..။ဘယ်အချိန်ဘယ်ကာလမှာ တိုက်ရင် ကိုယ့်ဖက်က အဆုံးအရှံုး နည်းပြီးနိုင်နိုင်တယ်..။ ဒီနှစ်တိုက်ပွဲတွေမှာ ရန်သူ ဘယ်နှစ်ယောက်ကိုအသေသတ်နိုင်ပြီး ရန်

သူ့လက်နက် ဘယ်နှစ်လက် ရအောင်ယူနိုင်မယ်.. ။ရန်သူ့လက်နက် ဘယ်နှစ်လက် ရရင်တော့ဖြင့် ရာထူးဘယ်အဆင့်အထိ တိုးနိုင်တယ်..ဆိုတာတွေဟာ စစ်သားရဲ့ Business Plan ပါပဲ..။ စီးပွားရေး သမား အတွက်ထည့်တွက်ရတဲ့ Risk Factor က ဆုံးရှုံးနိုင်ခြေ ဖြစ်သလို စစ်သားအတွက်ထည့်တွက်ရတဲ့ Risk Factor က အသက် ဆုံးရှံုး နိုင်ခြေဖြစ်ပါတယ်..။အသေအပျောက် Casualty အနည်းဆုံးနဲ့ အမြင့်ဆုံးအောင်မြင်မှုရအောင် ဘယ်လိုတိုက်မလဲဆိုတာ စစ်သားရဲ့ Strategy ဖြစ်ပြီး ကိုယ့်စီးပွားရေးကဏ္ဍမှာအလေအလွင့်အနည်းဆုံးနဲ့ အကျိုးအမြတ်အများဆုံး ရအောင် ဘယ်လိုစွမ်းဆောင်မလဲဆိုတာက စီးပွားရေးသမားရဲ့ Strategy ဖြစ်ပါတယ်..။အခု အချိန်ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားနေတဲ့အချိန်ဖြစ်ပါတယ်..။ တစ်ဦးတစ်ယောက် ထဲက လိုလားတာ မဟုတ်ပဲ.. အားလုံးကလိုလားနေတာဖြစ်ပါတယ်..။ အခုကို သိပ်နောက်ကျနေပါပြီ.. ဒိထက်ပိုပြီးနောက်ကျလို့မဖြစ်တော့ပါဘူး။ မငြိမ်းချမ်းခြင်းကြောင့်မတိုးတက်ခြင်းကို ကောင်းကောင်း ခံစားခဲ့ပြီးပါပြီ..။အိမ်နီးချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေ.. ကမ္ဘာ့နိုင်ငံတွေနဲ့ယှဉ်လိုက်ရင် ကိုယ်နောက်ကျခဲ့တာကို ဘယ်လိုမှ မငြင်းနိုင်ပါဘူး..။ဒါကြောင့်မို့ ငြိမ်းချမ်းရေး ရမှာကို ဖြစ်မှာပါ..။

အခု ငြိမ်းချမ်းရေးအတွက် ညှိနှှိုင်းသံတွေ ဆွေးနွေးသံတွေ အဖြေရှာသံတွေတော်တော် ကျယ်ကျယ်လောင်လောင် ကြားလာရပါပြီ..။ အလွန်ကောင်းတဲ့မင်္ဂလာသံတွေပါ..။ တဖက်မှာလဲ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာအလွန်ကို သနားစရာကောင်းတဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်..။မိုးဒဏ်လေဒဏ် ရောဂါဘယ ဒဏ် ဆင်းရဲ ငတ်မွတ်မှုဒဏ် စတဲ့ Physical Traumaတွေအပြင် စိတ်ဒဏ်ရာ ဆိုတဲ့ Mental Trauma ပါ ရနေကြပါတယ်..။ အဲဒါတွေကိုကုစားဖို့ အချိန်တော်တော်လိုပါတယ်..။ ငြိမ်းချမ်းရေးရဲ့ပထမဆုံးအဆင့်ဖြစ်တဲ့ Trust Building အဆင့်ကို ကောင်းကောင်းမတည်ဆောက်နိုင်ခဲ့ရင် Peace Building ဆိုတာ ဖြစ်လာဖို့ ခက်ပါတယ်..။ PeaceBuilding ဆိုတဲ့ အဆင့်ပြီးမှ Peace Keeping ဆိုတဲ့ ငြိမ်းချမ်းရေးကိုထိန်းသိမ်းတဲ့ အခြေအနေကို ရမှာပါ..။

ကောင်းခြင်းတွေ တိုးတက်ခြင်းတွေ ကြားနေရပေမယ့် လက်တွေ့ မမြင်ရသေးပါဘူး..။အဲဒီအတွက် ပေးဆပ်ရခြင်းတွေ ရှိနေဦးမှာပါ..။ ငြိမ်းချမ်းရေး ဆိုတာလက်နက်တွေဘေးချပြီး စကားဝိုင်းမှာ ဆွေးနွေးကြရတာ ဖြစ်ပေမယ့်..အကောင်အထည်ဖေါ်တဲ့အခါမှာ ပျက်စီးဆုံးရှုံးမှု Casualty တွေရှိနိုင်ပါသေးတယ်..။ စစ်မြေပြင်ဖြစ်ခဲ့ကြတဲ့ နေရာတွေကို နှစ်ဦးနှစ်ဖက်ရှင်းလင်းကြရဦးမှာပါ..။ သူ့နယ် ကိုယ့်နယ် စည်းခြားဖို့အတွက်မိုင်းတွေမြှုပ်ခဲ့ကြတယ်..။ အဲဒီမြေမြှုပ်မိုင်းတွေဟာ နှစ်တွေကြာလာပေမယ့်အလုပ်မဖြစ်တော့ဘူးလို့ မဆိုနိုင်ပါဘူး..။ ကမ္ဘောဒီးယားမှာ လွန်ခဲ့တဲ့နှစ်ပေါင်းလေးဆယ်လောက်က မြှုပ်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေဟာ ဒီနေ့အထိအန္တရာယ်ရှိနေဆဲပါပဲ..။ အလားတူပဲ ကိုယ့်ဆီမှာလဲ မြေမြှုပ်မိုင်း ပေါင်းထောင်သောင်းချီပြီး ရှိနေနိုင်ပါတယ်..။ မြေပုံနဲ့ စနစ်တကျ မြှုပ်ခဲ့တာမဟုတ်လို့ မြေကြီးအောက်မှာ ပျောက်ကွယ်နေတဲ့ ဒီအန္တရာယ်တွေဟာ ဆက်ပြီးအန္တရာယ်ပေးနေဦးမှာပါပဲ..။ ဒါတွေကို တူးဖေါ်ရှင်းလင်းကြတဲ့အခါမှာအသက်အန္တရာယ် တွေ ခြေပြတ်လက်ပြတ် ထိခိုက်မှုတွေ ကြံုရဦးမှာပါပဲ..။

ဒါဟာစစ်ပွဲတွေရဲ့ နောက်ဆက်တွဲတွေပါ..။ စစ်ပွဲကာလမှာ မိုင်းထောင်ကြတုန်းကမွေးတောင်မမွေးသေးတဲ့ မိုင်းရှာစစ်သားလေးတွေဟာ အခု ငြိမ်းချမ်းရေးတည်ဆောက်တော့မယ့် အချိန်မှာ ရှေ့လူတွေ ထောင်ထားခဲတဲ့ မိုင်းတွေ ကိုအသက်နဲ့ ရင်းပြီး ရှာဖွေ ရှင်းလင်းပေးနေကြပါတယ်..။ သူတို့မှာ ဘာအပြစ်မှမရှိပါဘူး..။ မိုင်းထောင်ခဲ့တာလဲ သူတို့မဟုတ်သလို သိတောင်မသိခဲ့ကြပါဘူး..။ ဒါပေမယ့် အခုအချိန်မှာ ငြိမ်းချမ်းရေး ဆိုတဲ့အသံကြောင့် သူတို့ရဲ့ ပုခုံးပေါ်ရောက်လာတဲ့ တာဝန်ကို သက်စွန့်ကြိုးပမ်းထမ်းဆောင်နေကြတာပါ..။ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို သူတို့ တတွေခံစားနိုင်ခွင့် ကြံုချင်မှ ကြံုပါလိမ့်မယ်..။ ဒါပေမယ့် သူတို့ဟာသူတို့ရဲ့ တာဝန်ကို သူတို့ ကျေပွန်အောင် ထမ်းဆောင်သွားကြမှာပါ..။သိပ်မကြာခင်မှာ တစ်နိုင်ငံလုံးက ယုံကြည်ကိုးစားတဲ့ အဆင့်ပေါင်းစုံမှာတိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စု တပ်မတော် ကြီးတစ်ခုပေါ်ထွန်းလာတော့မယ်လို့ မျှော်လင့်မိပါတယ်..။

ကောင်းလွန်း