ပထမတန်းစားနဲ့ ဒုတိယတန်းစား


ကိုယ့်အတွက် အဆင်အပြေဆုံးနေရာ.. စိတ်တိုင်းအကျဆုံးနေရာဆိုတာ ဘယ်မှာပါလဲ..။
ဒီနေ့ ကိုယ့်တပည့်တွေ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေ မိတ်ဆွေတွေကို မေးကြည့်ချင်တာလေး တစ်ခုရှိနေပါတယ်..။
အားလုံးဟာ အလုပ်ကိုယ်စီ တာဝန်အသီးသီးနဲ့ ဖြစ်နေကြပါပြီ..။ ကိုယ့်အလုပ်ကို ကိုယ်ကျေနပ်ရဲ့လား.. ။ ကိုယ့်အလုပ်မှာ ကိုယ်ပျော်ရဲ့လား..။ ကိုယ်ရတဲ့ လစာဟာ လောက်ငပါရဲ့လား..။ သေချာပါတယ်.။ ရာခိုင်နှုန်းအတော်များများက No လို့ဖြေကြမှာပါ..။

ဘာကြောင့်ပါလိမ့်..။ Self Analysis လုပ်ကြည့်ရအောင်။

ကိုယ့်အလုပ်က ပေးတဲ့ လစာဟာ ကိုယ့်အသုံးစရိတ်နဲ့ ကာမိခြင်းရှိမရှိ
ကိုယ့်အလုပ်က ရတဲ့ ပျော်ရွှင်မှုဟာ ကိုယ့်စိတ်ကို အမှန်တကယ် ပျော်ရွှင်စေခြင်း ရှိမရှိ
ကိုယ့်ရဲ့ လုပ်ဖေါ်ကိုင်ဖက် တွေဟာ ကိုယ်သူတို့အပေါ်ကောင်းသလို ကိုယ့်အပေါ် ကောင်းခြင်း ရှိမရှိ
အလုပ်ခွင်ကနေ ကိုယ်ကိုယ်တိုင် သင်ယူမှုရှိမရှိ
ကိုယ်အလုပ်လုပ်နေတဲ့ လုပ်ငန်းရဲ့ တိုးတက်ရာတိုးတက်ကြောင်း ကိုယ်ဘာလုပ်ပေးရင်ကောင်းမလဲ စဉ်းစားပေးဖူးခြင်း ရှိမရှိ
အလုပ်ခွင်ရဲ့ သတ်မှတ် စည်းကမ်းများကို အားလုံးနီးပါး အလွတ်မှတ်မိခြင်း ရှိမရှိ
ကိုယ်မှတ်မိသမျှ အလုပ်ခွင်စည်းကမ်းများကို ကိုယ်ကိုယ်တိုင် လိုက်နာမှုရှိမရှိ
ကိုယ်ကလိုက်နာနေသော်လည်း သူများက မလိုက်နာသောအခါ ကိုယ်က တားမြစ်မှု သွန်သင်မှု ရှိမရှိ
အလုပ်ရှင်ရဲ့ အခက်အခဲဘာများ ရှိမှာပါလိမ့် ဟု စဉ်းစားမိဖူးခြင်း ရှိမရှိ
နောက်အလုပ်တစ်ခု ပြောင်းလုပ်ချင်စိတ် ရှိမရှိ
နောက်ပြောင်းလုပ်သော အလုပ်တွင် ကိုယ့် စိတ်တိုင်းကျ ဖြစ်နိုင်ချေ ရှိနိုင်မရှိနိုင် စဉ်းစားမိခြင်း ရှိမရှိ

ဒီအချက်တွေဟာ ကိုယ့်ကိုယ်ကို ခွဲခြမ်းစိတ်ဖြာ နိုင်မယ့် အချက်တချို့ ဖြစ်ပါတယ်..။ ဒီနေ့ အလုပ်လုပ်နေကြသူများကို အကြမ်းအားဖြင့် နှစ်မျိုးနှစ်စား ခွဲလို့ရပါတယ်..။ တမျိုးက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ကြိုးစားနေသူများ နဲ့ နောက်တမျိုးက မိဖအရိပ်အောက်ကနေ အလုပ်လာလုပ်နေသူများ ဆိုပြီး ဖြစ်ပါတယ်..။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့ ကြိုးစားကြသူများဟာ သူတို့ရဲ့ဘဝတက်လမ်းကို အချိန်တိုင်း ရှာဖွေနေလေ့ရှိပါတယ်..။ သူတို့မှာ အချိန်ပိုရယ်လို့မရှိပါဘူး..။ ငြီးတွားငြူစူ နေဖို့ အချိန်မရှိပါဘူး..။ ဒါလုပ်မှ ဖြစ်မယ်..။ ဒီအလုပ်ရှိမှဖြစ်မယ်..။ ဒီပညာတတ်မှဖြစ်မယ်..။ ဒီသင်တန်း တက်မှဖြစ်မယ်..။ စသည်ဖြင့် “ဖြစ်နိုင်ချေ” တွေကိုပဲ တွေးနေလေ့ရှိပါတယ်..။ အဲဒါပထမတန်းစားလူတွေပါ။ မိဖအရိပ်အောက်ကနေ မထွက်နိုင်သေးပဲ နို့သက်ခံစို့ရင်း အလုပ်လုပ်ကြသူများကတော့.. ဒီအလုပ်ကို ဂုဏ်ရှိချင်လို့ လုပ်တာ..။ ကိုယ့်မိဖအိမ် ကိုယ်ထိုင်စားနေလဲ ရတာပါပဲ..။ ကိုယ့်မိဖက ကိုယ့်ကို ကျွေးထား ပေးထား ဆင်ထားနိုင်တာပဲ..။ အလုပ်ရှိချင်လို့လာတာ.. ဆိုတဲ့ ဒုတိယတန်းစား အတွေးအခေါ်နဲ့ လူတွေဖြစ်ပါတယ်..။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပထမတန်းစားလား ဒုတိယတန်းစားလား ဆိုတာ အရင် သိဖို့ လိုပါတယ်..။ Self Analysis လုပ်ကြည့်စေချင်ပါတယ်..။ ပြီးတော့ ရလာတဲ့ အဖြေတွေကို ချရေးထားစေချင်ပါတယ်..။ မေးခွန်း ၁၁ခုထဲက တဝက်ကျော် (၆ခု) ဟာ No ဖြစ်နေတယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ လိုနေပါပြီ .. အဲဒါ ဒုတိယတန်းစားပါ..။ ဒုတိယတန်းစားဖြစ်တဲ့ အတွက် “နောက်လိုက်” ပါ..။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းသူပါ..။ အဲဒါကို ပြင်လို့ရပါတယ်..။ Yes ဆိုတဲ့ အဖြေ ဟာ တဝက်ကျော် (၆ခု) ဆိုရင်တော့ အဲဒါ ပထမတန်းစား ပါပဲ..။ အောင်မြင်ပါပြီ..။ ရှေ့ဆက်ပါတော့.. ။ အဲဒါ Leader ပါပဲ..။

ကောင်းလွန်း