မတွယ်တာပါနဲ့


လယ်သမားအိုကြီးတစ်ယောက်ဟာ သူ့လယ်ကွက်ကလေးထဲမှာပဲ နှစ်ပေါင်းများစွာ စိုက်ပျိုးစားသောက်နေထိုင်ခဲ့ပါတယ်..။ တနေ့မှာ သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက် ဖြစ်တဲ့ မြင်းကြီးဟာ သူ့ဆီကနေ ထွက်ပြေးသွားပါတော့တယ်..။ အဲဒီအဖြစ်အပျက်ကို ကြားသိကြတဲ့ သူ့ရဲ့ အိမ်နီး နားချင်း မိတ်ဆွေတွေက လယ်သမားကြီးဆီကို လာပြီး သတင်းမေးရင်းအားပေးကြပါတယ်.. “ ကံဆိုးလိုက်တာနော်” ။ လယ်သမားကြီးက “ဖြစ်တတ်ပါတယ်လေ”.. လို့ ပြန်ပြောသတဲ့..။

နောက်တနေ့မနက်မှာတော့ လယ်သမားကြီးဆီက ထွက်ပြေးသွားတဲ့ မြင်းကြီးဟာ နောက်ထပ် အဖေါ်မြင်းသုံးကောင်နဲ့ အတူ တောထဲ ကနေ ပြန်ရောက်လာပါလေရော..။ အဲဒီ အခါမှာလဲ အိမ်နားနီးချင်းတွေက ရောက်လာကြပြီး အံ့သြ ချီးမွမ်း ကြပြန်ပါတယ်..။ “အံ့သြစရာ ပါပဲ.. ကံကောင်းလိုက်တာနော်” ။
လယ်သမားကြီးက “ ဖြစ်တတ်ပါတယ်လေ” လို့ ပြန်ပြောသတဲ့။

ဒီလိုနဲ့ နောက်တနေ့မှာ လယ်သမားကြီးရဲ့ သားဟာ အသစ်ရောက်လာတဲ့ မြင်းရိုင်းသုံးကောင်ထဲက သူနှစ်သက်မိတဲ့ တစ်ကောင်ကို တက်စီးပါသတဲ့..။ အဲဒီအချိန်မှာ မလေ့ကျင့်ရသေးတဲ့ မြင်းရိုင်းဟာ မပြောမဆိုနဲ့ သူ့ကျောပေါ် ပိုင်စိုးပိုင်နင်း တက်စီးတဲ့ လူငယ်ကို ခါချလိုက်ပါလေရော..။ လူငယ်လေး ခမျာ ခြေထောက်တစ်ဖက် ကျိုးသွားရှာသတဲ့။ အဲဒီအခါမှာလဲ အိမ်နီးနားချင်းတွေ သတင်းမေးရောက် လာကြပြီး.. လူငယ်ရေးရဲ့ ကံခေမှုကို သနားကြင်နာစွာနဲ့ ညည်းညူပြောဆိုနေကြသတဲ့။လယ်သမားကြီးက “ ဖြစ်တတ် ပါတယ်လေ” လို့ ပြောလိုက်ပြန်သတဲ့..။

အဲ.. နောက်တစ်နေ့မနက်မှာတော့ ဘုရင့်နေပြည်တော်က စစ်သည်စုဆောင်းရေး အရာရှိတွေဟာ လယ်သမားကြီးနေတဲ့ ရွာ ကိုရောက်လာကြပြီး ရွာက လူငယ်တွေကို စစ်မှုထမ်းဖို့ စုဆောင်းကြသတဲ့..။ ရွာက အားကောင်းမောင်းသန် လူငယ်ယော က်ျားလေးတွေ ကို တအိမ်ဝင် တအိမ်ထွက် ခေါ်ယူစုဆောင်းရာမှာ လယ်သမားကြီး အိမ်ရောက်တော့ ခြေကျိုးနေတဲ့ လူငယ်လေး ကို တွေ့လိုက်တဲ့ အတွက် စစ်သားစုဆောင်းရာမှာ မခေါ်တော့ပဲ ချန်ထားခဲ့ကြသတဲ့..။ စုဆောင်းရေး အရာရှိတွေ ပြန်သွားကြတဲ့အခါ .. အိမ်နီးနားချင်းတွေ ရောက်လာကြပြန်ပြီး .. ကံကောင်းလိုက်တာ ခြေကျိုးနေလို့ခေါ်မသွားကြဘူး လို့ ချီးမွမ်း ထောပနာ ပြုကြပြန် ပါလေရော..။

လယ်သမားကြီးကတော့ သူပြောနေကျ စကား တစ်ခွန်းဖြစ်တဲ့ “ ဖြစ်တတ်ပါတယ်လေ” လို့ပဲ ပြန်ပြောလိုက်ပါသတဲ့..။

ဒါဟာ လူ့သဘာဝကို ချဉ်းကပ်တာပါပဲ..။ လူတွေဟာ တချိန်လုံး ကြံစည်နေကြတယ်.. အားထုတ်နေကြတယ်..။ “ချဉ်ခြင်းတပ်” နေကြတယ်.. ။ ရယူချင်တယ် ပိုင်ဆိုင်ချင်တယ်.. ကြွယ်ဝချင်တယ်.. ကျော်ကြားချင်တယ်.. လူချစ်လူခင်များချင်တယ်.. သြဇာ အာဏာ ရှိချင်တယ်..။ ဒါတွေဟာ လူ့လောကရဲ့ “ချဉ်ခြင်းတပ်” မှုတွေပါပဲ..။ တဖက်မှာလဲ သူများတွေကို ဘယ်လိုနေစေ ချင်တယ်.. ဘယ်လိုထိုင်စေချင်တယ်.. ဘယ်လိုကြိုးစားစေချင်တယ်.. ဘယ်လိုအောင်မြင်စေချင်တယ်.. ဆိုတဲ့ အကြံတွေကို လဲ ပေး ချင်ကြသေးတယ်..။ ဒါတွေဟာ Attachment လို့ခေါ်တဲ့ အတွယ်အတာတွေပါ..။ အဲဒီ အတွယ်အတာတွေ များလာလေလေ ပျော်ရွှင် ချမ်းမြေ့မှုတွေ နည်းသွားပြီး ဒုက္ခတွေ့လေလေ ပါပဲ..။

ဒါကြောင့်မို့ ဘယ်အရာ ဘယ်ကိစ္စမဆို ကိုယ်လုပ်သင့်တာ လုပ်နိုင်တာကို ပဲ တွေးပါကြံပါလုပ်ပါ..။ အတွယ်အတာတွေ ထားမနေပါနဲ့..။ အတွယ်အတာ တွေ ထားမိရင် ကောင်းခြင်း ဆိုးခြင်း ဆိုတာတွေ ကို ခံစားပြီး သံသရာရှည်ပါလိမ့်မယ်..။ “ဖြစ်တတ်ပါတယ်လေ” ဆိုတဲ့ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲ ဆိုတဲ့ Positive Thinking သာရှိခဲ့မယ် ဆိုရင် ဘယ်လို လောကဓံမျိုးကို မဆို ကျော်လွှားနိုင် မှာ အမှန်ပါပဲ..။

ကောင်းလွန်း (၂၉.၁၁.၂၀၁၆)