သကြားမစားတော့သော ပုရွက်ဆိတ်များ


မှတ်မိသလောက်ပြန်ပြောရရင် ငယ်ငယ်တုန်းက အိမ်မှာ အဖွားက သကြားဝယ်လာပြီးရင် ဟောလစ်ပုလင်းခွံကြီးထဲ ထည့်လိုက်တယ်..။ ပုလင်းက တော်တော်ကြီးတယ်.. အဲဒီဖန်ပုလင်းကြီးထဲ ကို သကြားတွေထည့်ပြီးရင် ပလပ်စတစ် စ နဲ့ ပုလင်းဝကို အုပ်ပြီး မှ အဖုံးဖုံးတယ်..။ ပြီးတော့ အဲဒီပုလင်းကို မီးဖိုခန်းထဲက ကြောင်အိမ်ပေါ် တင်လိုက်တယ်..။ ကြောင်အိမ်က သစ်သားကြောင်အိမ် …။ ကြောင်အိမ် ခြေထောက်တွေက ရေနံသုတ်ထားလို့ မဲနေတယ်..။ အဲဒီ ခြေထောက်မဲမဲ တွေကို စဉ့်အင်တုံ  သေးသေးလေးတွေ နဲ့ အောက်က ခံထားတယ်..။

အဲဒီအင်တုံလေးတွေထဲမှာ ရေထည့်တယ်..။ ကြောင်မသောက်အောင် ရေနံဆီ နဲနဲ အပေါ်က လောင်းတယ်..။ အဲဒီလို လုပ်လိုက်တော့ ပုရွက်ဆိတ် ရန်က ကာကွယ်ပြီးသားဖြစ်ရော..။ ရေကိုတော့ မကြာမကြာဖြည့်ပေးရတယ်..။ ဒါပေမယ့် အဲဒီ အလုံပိတ်သကြားပုလင်းထဲမှာ ပုရွက်ဆိတ်အနီလေးတွေက ရောက်ရောက်လာတယ်..။ ဘယ်က လာမှန်းလဲ မသိ..။ သူတို့ သကြား သိပ်ကြိုက်ကြတယ်..။ သူတို့တွေ သကြားပုလင်းထဲမှာ များလာပြီ ဆိုရင် အဖွားက ပုလင်းကြီးကို အောက်ချ .. အဖုံးဖွင့်ပြီး နေပူထဲ ထုတ်လှမ်းရပြီ..။ တော်တော်ပူလာမှ ပုရွက်ဆိတ်တွေ ထွက်ပြေးသွားကြတယ်..။ အဲဒီအခါမှာ ပြန်ပိတ်ပြီး ကြောင်အိမ်ပေါ်ပြန်တင်.. အဲဒါ မရိုးနိုင်တဲ့ မြင်ကွင်းပါ..။ အဲဒီတုန်းက ပုရွက်ဆိတ်တွေ သကြားကြိုက်ကြတယ်..။

အခု ကျွန်တော့်အခန်းထဲက စားပွဲပေါ်မှာ ဖြစ်သလို ပိုးလိုးပက်လက် တင်ထားတဲ့ သကြားခွက်ထဲမှာ ဖြူဖြူဖွေးဖွေး သကြားပွင့်တွေ ရှိတယ်..။ အဖုံးလဲ မပိတ်သလို ဘယ်ပုရွက်ဆိတ်မှလဲလာစားတာ မတွေ့ရဘူး..။  ခေတ်အပြောင်း မှာ ပေါက်ဖွား လာကြတဲ့ ခေတ်သစ်ပုရွက်ဆိတ်တွေမို့ မြေပုံတွေ ဘာတွေ မဖတ်တတ်ကြတော့တာလား လဲ မပြောတတ် တော့ပါဘူး..။ လာမစားတော့တာတော့ သေချာတယ်..။ ကျွန်တော့်စားပွဲအောက်မှာ စဉ့်အင်တုံလဲ မရှိဘူး..  ရေလဲ ထည့်မထားဘူး..။

ရေနံဆီဆိုတာ မူးလို့တောင် ရှူစရာမရှိဘူး..။ (ငယ်ငယ်တုန်းကတော့ ခေါင်းမူးရင် ရေနံဆီ ရှူ ခဲ့ရဖူးတယ်..။) ဒါပေမယ့်.. ဘယ်ပရွက်ဆိတ်မှာ လာမစားတော့တာ သေချာတယ်..။ ပုရွက်ဆိတ်တွေ သကြားကို မုန်းသွားကြပြီလား..။ ပုရွက်ဆိတ်ရဲ့ သကြားကြိုက်တဲ့ ဗီဇ ပဲ ပြောင်းသွားလို့လား..။ ဒါမှ မဟုတ် လူတွေလို သွေးထဲမှာ အချိုဓါတ်များလာတယ်လို့ ဆရာဝန်ပုရွက်ဆိတ် ကများ ပြောလေသလား..။ အဖုံးဖွင့်ထားတဲ့ သကြားခွက်ကို ပုရွက်ဆိတ်မတက်တာ ကတော့ အသေအချာပါပဲ..။

သြော်.. မှတ်မိနေတာလေး တစ်ခုတော့ ရှိတယ်.. ဆိုင်မဆိုင်တော့မသိဘူး..။ ကျွန်တော်ငယ်ငယ်က အဖွားရဲ့ပုလင်းထဲက သကြားတွေက အညိုရောင်သန်းပြီး အခုကျွန်တော့ သကြားခွက်ထဲက သကြားကတော့ ဖွေးဖွေးလေး ဖြစ်နေတာ ကတော့ မတူတော့တဲ့ အချက်တစ်ချက်ပါ..။ ဒါပေမယ့် သကြားက ချိုတယ်လေ..။ အဲဒါ ကတော့ အတူတူပါပဲ..။

ကောင်းလွန်း