အတွေ့အကြုံ ဟာ ရောင်းကုန်


“သမိုင်း” ဟာ ရောင်းကုန်ဖြစ်တယ် လို့ ပြောခဲ့ဖူးပါတယ်..။ အခု ထပ်ပြောချင်တာက “အတွေ့အကြံု” ပါ..။ အတွေ့အကြံု ဟာလဲ ရောင်းကုန် ဖြစ်ပါတယ်..။ အတွေ့အကြံု ဆိုတာကို လွယ်လွယ်နဲ့ ရတာ မဟုတ်ပါဘူး..။ နယ်ပယ် အသီးသီးမှာ သက်ဆိုင်ရာ အတွေ့အကြံု တွေ ရှိပါတယ်..။ အတွေ့အကြံု ဆိုတာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ခရီးတစ်လျှောက်မှာ ကြံုခဲ့ တွေ့ခဲ့ ရင်ဆိုင်ခဲ့ ဖြေရှင်းခဲ့ ရတဲ့ အကြောင်းအရာတွေပါ..။ မဖြတ်သန်းခဲ့ဖူးဘူး.. ရင်မဆိုင်ခဲ့ဖူးဘူး… မဖြေရှင်းခဲ့ဖူးဘူး ဆိုရင် အတွေ့အကြံု လို့ မဆိုနိုင်ပါဘူး..။ အဲဒီအတွေ့အကြံု ဆိုတာဟာ ကျင်လည်ခဲ့ဖူးတဲ့ နယ်ပယ်ခြင်း တူရင်တောင် ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေ မတူနိုင်ပါဘူး..။ ဒါကြောင့်မို့ .. တစ်စုံတစ်ယောက်ရဲ့ အတွေ့အကြံု ဆိုတာကို တန်ဖိုးဖြတ်တဲ့ အခါမှာ သူဘယ်ကို ရောက်ဖူးခဲ့သလဲ ဆိုတာထက် သူဘာတွေ လုပ်ခဲ့ဖူးသလဲ ဆိုတဲ့ ပေတံကသာ အဆုံးအဖြတ်ပေးတာပါ..။ ဘယ်လောက်ကြီးမားတဲ့ အခက်အခဲ ကို ကျော်လွှားဖူးသလဲ .. ဘယ်လို တာဝန်ယူပြီး ဖြေရှင်းခဲ့သလဲ..။ ဘယ်လို အကြပ်အတည်းမျိုးနဲ့ ကြံုဖူးသလဲ.. ။ ဘယ်လို ဦးဆောင်ပြီး ဖောက်ထွက်ခဲ့သလဲ ဆိုတာတွေက သမိုင်းဖြစ်ပါတယ်..။ အတွေ့အကြံု ဆိုတာကို လိုချင်ရင် “ဖိအား” ကို ခံနိုင်ဖို့လိုပါတယ်..။ ဖိအားနည်းနည်း များလာလို့ စိတ်ပျက်ပြီး ရွှေ့တော့မယ် ပြောင်းတော့မယ် ဆိုသူတွေမှာ အတွေ့အကြံုကောင်းတွေ မရှိနိုင်ပါဘူး..။ အတွေ့အကြံုကောင်းကောင်းရဖို့ ကိုယ့်ရှေ့ မှာ ခေါင်းဆောင်ကောင်းကောင်း ရှိဖို့လဲ လိုပါတယ်..။ ဦးဆောင်သူ ကောင်း တစ်ယောက်နဲ့ အတူလက်တွဲပြီး အလုပ်လုပ်ခဲ့ဖူးမှလဲ အတွေ့အကြံု ကောင်းတွေ ရနိုင်မှာပါ..။ ခေါင်းဆောင်ကောင်းနဲ့ လက်တွဲခဲ့ရလို့ ရခဲ့တဲ့ အတွေ့အကြံုတွေဟာ ချိုမြိန်နိုင်သလို ခါးသီးနိုင်ပါတယ်..။ ဒါပေမယ့် အဲဒါဟာ အတွေ့အကြံု ကောင်းတွေချည်းပဲ ဆိုတာ ကိုယ်ကိုယ်တိုင် ဦးဆောင်ရတဲ့ အခါ သိရပါတယ်..။ ခေါင်းဆောင် ကောင်းနဲ့ ကြံုခဲ့ဖူးသူဟာ ကိုယ်ကိုယ်တိုင်ဦးဆောင်ရပြီ ဆိုရင် ရှောင်လွှဲလေ့ မရှိပါဘူး..။ လက်အောက်ငယ်သားကိုလဲ နှိမ့်ချလေ့မရှိပါဘူး..။ သူတို့ ရဲ့ အတွေ့အကြံုကို မျှဝေခြင်းနဲ့ လက်ဆင့်ကမ်း သင်ပေးနိုင်သူများ ဖြစ်လာကြပါတယ်..။ ဖိနှိပ်တတ်ရုံ.. ချုပ်ခြယ်တတ်ရုံ.. စည်းကမ်း တင်းကြပ် တတ်ရုံနဲ့ ခေါင်းဆောင် လို့ သတ်မှတ်ခံရမှာမဟုတ်ပါဘူး..။ ခေါင်းဆောင်တွေကို ငှားရမ်းကြတာဟာ အဖြေရှာဖို့ပါ.. ဆင်ခြေပေးဖို့ မဟုတ်ပါဘူး..။ အဖြေထုတ်နိုင်မှ ခေါင်းဆောင်ပါ..
“Resources are hired to give results, not reasons.”
― Amit Kalantri
ခေါင်းဆောင် ဟုတ်တယ် မဟုတ်ဘူး ဆိုတာကို ကိုယ်ကိုယ်တိုင် သတ်မှတ်လို့ မရပါဘူး..။ ကိုယ် တာဝန်ယူရတဲ့ ငယ်သားတွေ က ကိုယ့်ကို လက်ခံပြီ ဆိုမှ ခေါင်းဆောင်ဖြစ်တာပါ..။ ခေါင်းဆောင်မှု ပညာနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်ဆောင်ပုဒ် တစ်ခုရှိပါတယ်..။
“These commissions (as officers) will not make you leaders, they will merely make you officers.”
Author Unknown circa 1919
ရာထူးခန့်အပ်လွှာက သင်တို့ကို အရာရှိများ ဖြစ်စေမှာ ဖြစ်ပါတယ်..။ ဒါပေမယ့် ခေါင်းဆောင်ဖြစ်စေမှာ မဟုတ်ပါဘူး..။
ဦးဆောင်သူ ဆိုတာကို တော့ လူတိုင်းနီးပါး မက်မောကြတာပါပဲ..။ တကယ် ဦးဆောင် နိုင်ဖို့ကတော့ အတွေ့အကြံု လိုပါတယ်..။ အဲဒီ အတွေ့အကြံုကိုပဲ စျေးကွက်ပညာရပ် မှာ ရောင်းကုန် လို့ သတ်မှတ်ပါတယ်..။

ဒါကြောင့် မားကက်တင်း ကို သင်ပေး/ သင်ယူကြတဲ့ အခါမှာ “အတွေ့အကြံု” ဟာ တန်ဖိုးကြီးတဲ့ ရောင်းကုန်ဖြစ်ကြောင်း..။ အတွေ့အကြံုကို လိုချင်ရင် စျေးကောင်းပေးဖို့ လိုကြောင်း သင်ပေး / သင်ယူကြဖို့ .. တိုက်တွန်း လိုက်ရပါတယ်..။

ကောင်းလွန်း (၄.၁၁.၂၀၁၆)