အလုပ်ပြောင်းသင့်တဲ့ အချက် ရချက်


တနေ့ဆီက မိတ်ဆွေတစ်ယောက်က အလုပ်ပြောင်းချင်ကြောင်း .. ပြောလာပါတယ်..။ အဓိက အကြောင်းရင်းကို မေးကြည့်တော့ အရင်ကလောက် ပျော်စရာ မကောင်းတော့ကြောင်း လုပ်ငန်းခွင် သာယာမှု အလုပ်အပေါ် ကြေနပ်မှု တွေ နည်းလာ တာကြောင့် ပြောင်းချင်တာပါလို့ ပြောပါတယ်..။ ဒါကြောင့် ဒီ အချက် ရ ချက်ကို ပြန်ရှာပြီး တင်ပေးလိုက်ပါတယ်..။

အလုပ်ပြောင်းသင့်တဲ့ အချက် ရချက်
ဘဝမှာ လူတွေဟာ အလုပ်အမျိုးမျိုး ပြောင်းလုပ်ကြတဲ့သူတွေရှိသလို တမျိုးထဲကိုပဲ စွဲစွဲမြဲမြဲ လုပ်သွားတဲ့ သူတွေလဲရှိပါတယ်..။ အခုပြောမယ့် အကြောင်းအရာဟာ စွဲစွဲမြဲမြဲ လုပ်သူတွေ အတွက် မဟုတ်ပါဘူး..။ အလုပ်ကို ပြောင်းလုပ်လိုသူများအတွက် ပြောင်းသင့်တဲ့ အချိန် ပြောင်းသင့်တဲ့ လက္ခဏာတွေကို ပြောပြခြင်းဖြစ်ပါတယ်..။ အလုပ်တခုကနေ နောက်တခု ပြောင်းဖို့ စိတ်ကူးရှိရင် ဒီအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေး ကြည့်နိုင်ပါတယ်..။

၁။ ကိုယ်အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ သုံးနှစ်လောက် ဘာရာထူးမှ မတိုးတက် .. ဘာမှလဲ ဆက်လေ့လာ လို့ မရ တော့ရင် ရွှေ့ဖို့ စဉ်းစားလိုက်ပါတော့..။ ဘယ်လောက်ပဲ ရာထူးတိုးဖို့ခက်ခဲတဲ့ ကုမ္ပဏီဖြစ်ပါစေ..။ သုံးနှစ်နေလို့မှ ဘာမှ ရှေ့ဆက်စရာ လမ်းစ မမြင်ရလို့ကတော့ ဖက်တွယ်မနေသင့်တော့ပါဘူး.။

၂။ ကိုယ့်ရဲ့မန်နေဂျာ ဒါမှမဟုတ် အကြီးအကဲဆီက ကိုယ်နဲ့ပတ်သက်ပြီး ဘာမှ ပြောသံဆိုသံ (ဆူသံပူသံ) မကြားရတော့ဘူး ဆိုရင်လဲ ပြောင်းဖို့ ပြင်ပါတော့။ Feedback တော့ရပါရဲ့ ရရိုးရစဉ် ဘာမှ ထူးထူးခြားခြား မဟုတ်ဘူး ဆိုရင်လဲ ပြောင်းသင့်ပါပြီ။ အကောင်းဆုံးမန်နေဂျာတွေဟာ အကောင်းဆုံး သုံးသပ်ဝေဖန်ပေးနိုင်သူတွေဖြစ်ကြပါတယ်..။ ကိုယ့်အတွက် ကောင်းသည်ဆိုးသည် ဘာ Feedback မှ မလာဘူး.။ ဒါမှမဟုတ် လာပြန်တော့လဲ.. သွေးရိုးသားရိုး အားလုံးကောင်းပါသည် ဆိုလာရင်တော့ ပြောင်းပေတော့။

၃။ ကိုယ့်ရဲ့ ဘဝရှေ့ရေးတိုးတက်ဖို့ အတွက် သုံးနှစ်လောက်အတွင်း ဘာမှ မလေ့လာဖြစ်ဖူး..။ ဘယ်သူကမှလဲ ရှေ့ဆက်လေ့လာဖို့ မတိုက်တွန်းဘူး ဆိုရင် လဲ ထွက်ပါတော့..။ ကိုယ့်အဖွဲ့အစည်း ထဲမှာ လေ့လာသင်ယူဖို့ အခွင့်အရေးရရဲ့သားနဲ့ ကိုယ်က မယူမိတာလား..။ ဒါမှမဟုတ် ကိုယ့်မှာ အဲဒီလို လေ့လာသင်ယူဖို့ အခွင့်အလမ်း လုံးဝမရှိတာလား တော့ စဉ်းစားပါ..။ တကယ်ပဲ အခွင့်အလမ်းမရှိတာ ဆိုရင်တော့ ရွှေ့ဖို့ပြောင်းဖို့ သင့်ပါပြီ..။

၄။ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေက အလုပ်ခွင်ကိုစွန့်ခွာပြီး နောက်ထပ်နေရာသစ်တွေကို ရွှေ့သွားကြပါ သလား..။ သူတို့ရဲ့ အလုပ်လျှောက်လွှာသစ်တွေကို တခြားကုမ္ပဏီတွေဆီကို ပို့နေကြပါသလား..။ ဒါမှမဟုတ် အင်တာနက်ကနေ သူတို့ အလုပ်လျှောက်နေကြပါသလား..။ ဒါဆိုရင် အခုလက်ရှိထက် ပိုသာတဲ့ အလုပ်တခုခု ရှိနေတာ သေချာပြီပေါ့..။ သူတို့ရွှေ့နိုင်ပြောင်းနိုင်တယ် ဆိုရင် ကိုယ်လဲ ရွှေ့နိုင်ရမှာပေါ့..။ သူတို့ဘာတွေဖြည့်ဆည်းပြီး ပြောင်းဖို့ကြိုးစားနေကြသလဲ.. ဒါမှမဟုတ် ပြောင်းသွားကြသလဲ ဆိုတာကိုတော့ ကြည့်လိုက်ပါဦး..။ သူတို့လိုပဲကိုယ်လဲဖြည့်ဆည်းပြီး ပြောင်းမယ် ဆိုရင် ဖြစ်နိုင်တာပဲလေ..။

၅။ ဦးဆောင်သူ ခဏခဏ ပြောင်းနေတဲ့ အဖွဲ့အစည်းမျိုးမှာ အလုပ်လုပ်မိနေရင်လဲ မြန်မြန်သာ ပြောင်းပေတော့..။ အဲဒီလို အဖွဲ့အစည်းမျိုးက သိပ်မဟန်ဘူး..။ ခေါင်းဆောင်ခဏတိုင်းပြောင်းနေမှတော့ ရေရှည် အကျိုး ဖြစ်ထွန်းစေမယ့် Plan မရှိဘူးဆိုတာ သေချာပြီပေါ့..။ ဟိုကွေ့ဟိုတက်နဲ့လှော် ဒီကွေ့ ဒီတက်နဲ့လှော်မယ့် အဖွဲ့အစည်းမျိုးတွေကို စောစော စွန့်ခွာတာ ပိုကောင်းပါတယ်..။

၆။ အလုပ်ကောင်းကောင်းလုပ်မယ့် လူတွေအတွက် အလုပ်အကိုင် ဆက်စပ်ပေးတဲ့ ဌာနတွေက အမြဲအသင့် ရှိနေတယ်ဆိုတာ သတိရလိုက်ပါ..။ သူတို့ဟာ အရည်အချင်းပြည့်တဲ့သူတွေကို ရှာနေတာပါ..။ သူတို့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့်သူကို ရှာနေတာပါ..။ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းကသာ အလုပ်ရှင် သစ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီခဲ့မယ်ဆိုရင် ချက်ချင်း ပြောင်းပါတော့..။ အဲဒီလို နေရာမျိုးက ကိုယ့်အတွက် ရာထူးလစာ ပိုကောင်းနိုင်ပါတယ်..။

၇။ နောက်ဆုံးတချက်ကတော့ ကိုယ့်စိတ်ထဲမှာ ပြောင်းချင်စိတ်ပေါ်နေတဲ့အချိန် .. ပြောင်းသင့်ပြီလို့ ယူဆတဲ့ အချိန်ဟာ ပြောင်းဖို့အကောင်းဆုံးအချိန်ပါပဲ.. မတွေဝေပါနဲ့တော့..။ ဒါမျိုးက အတွင်းစိတ်မှာ ဖြစ်လာတတ်တဲ့ အရာမျိုးဖြစ်ပါတယ်..။ ကိုယ့်စိတ်ကို ကိုယ်နားလည်ဆုံးပါပဲ..။ ကိုယ်သာအသိဆုံးပါပဲ..။ ဒီနေရာကို စွန့်ခွာဖို့ အချိန်တန်ပြီဆိုရင် အလိုလို သိတဲ့ ခံစားမှု တမျိုး ပေါ်လာပါလိမ့်မယ်..။ ဒါဟာ ပြောင်းသင့်ဆုံး အချိန်ပါပဲ..။

ကောင်းလွန်း